Wed 21 November, 2018

တပ်မတော်နှင့် KNPP ခြောက်နှစ်ကျော်အတွင်း ပထမအကြိမ် တိုက်ပွဲဖြစ်ပွားဟုဆို

 ခြောက်နှစ်ကျော် အတွင်း တပ်မတော်နှင့် ပထမဆုံးအကြိမ် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ် သော ကရင်နီအမျိုးသား တိုးတက် ရေးပါတီ (KNPP)  တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၂၀ ရက်ကကယားပြည်နယ် ဖားဆောင်းမြို့နယ် နန့်ကစ်ဒေသရှိ KNPP တပ်ဖွဲ့ဝင်များနှင့် တပ်မတော်စစ်ကြောင်းအကြား မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

‘‘အစိုးရစစ်တပ် စစ်ကြောင်းတစ်ကြောင်းက အသိမပေးဘူးလေ။ သတင်းမပို့ဘူး။ အသိမပေးတော့ KNPP တပ်ရှိတဲ့နေရာ နောက်ကျောဘက်ကို ကျွံဝင်သွား တယ်။ ဝင်သွားတော့ အဲဒီမှာ ရှောင်ရင်း တိမ်းရင်းနဲ့ပဲလား မသိဘူး ဒီ မနက် တိုက်ပွဲဖြစ်သွားတယ်’’ဟု KNPP ဖားဆောင်းဆက်ဆံရေးရုံး တာဝန်ခံ ဦးစောကွယ်က ပြော သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော် တာဝန်ရှိသူများထံ ဆက်သွယ်၍   တိုက်ပွဲဆက်လက် မဖြစ်ပွားရေး  ဆောင်ရွက်ထားကြောင်း ၎င်းကဆို သည်။ အစိုးရနှင့် KNPP အကြား ၂၀၁၂ မတ်လတွင် အပစ်ရပ်စဲရေး ဆောင်ရွက်ထားပြီးနောက် ယင်းနှစ် ဇွန်လတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ဖူးကြောင်း KNPP လွိုင်ကော်ဆက်ဆံရေး ရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။ 

‘‘အခုက  တစ်ခေါက်ပေါ့။ လက်မှတ်ထိုးပြီးတဲ့နောက် နှစ်ကြိမ်ပေါ့။ ကြားထဲမှာ ခုနစ်မိုင်ကုန်းကိစ္စပေါ့။ ခုနစ်မိုင်ကုန်းက သူတို့အပြောအရ တိုက်ပွဲဖြစ်တယ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူတစ်ယောက်လွတ် လာတယ်လေ။ အဲဒီမှာတိုက်ပွဲဖြစ်တာမဟုတ်ဘူး။ အဲဒီမှာက ထိုင်ခိုင်းပြီးမှ ပစ်တာလေ’’ဟု ခူညေးရယ်က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး   ညွှန်ကြားရေးမှူးရုံး (ကကပြည်)သို့ ယမန်နေ့က ဆက်သွယ်သော်လည်း ဖြေကြားခွင့်မရှိကြောင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။

၂၀၁၇ ဒီဇင်ဘာက တပ်မ တော် ယာဉ်တန်းကို တားဆီးခြင်း နှင့်ပတ်သက်ပြီး လွိုင်ကော်မြို့ နှင့် ခုနစ်မိုင်အကွာရှိ KNPP ယာယီကင်းစခန်းမှ တပ်ဖွဲ့ဝင် အချို့ အသတ်ခံခဲ့ရသည်ဟု KNPP က သတင်းစာရှင်းလင်းခဲ့သည်။

KNPP အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ယခုနှစ် ဧပြီလကုန်က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့အကြား NCA အမြန်ဆုံး လက်မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းမည်ဟု သဘောတူညီခဲ့သော်လည်း ငါးလကျော်သည်အထိ နှစ်ဖက် တရားဝင်ဆွေးနွေးပွဲ ထပ်မံ မလုပ်ဆောင်နိုင်သေးပေ။

NCA ထိုးနိုင်ရေး ကြိုးပမ်းနေချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းက ဆွေးနွေးရေး လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်၍ တပ်မတော်နှင့် KNPP တာဝန်ရှိသူများအနေဖြင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အစီအမံများ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဖားဆောင်းဆက်ဆံရေး ရုံးတာဝန်ခံ ဦးစောကွယ်က ပြောသည်။

http://www.7daydaily.com/story/139929

Credit: 7Day Daily