Thu 22 November, 2018

ကချင်ဒေသ ငြိမ်းချမ်းရေး KIO နှင့် ဆွေးနွေးပွဲများ အမြန်ပြုလုပ်ရန် အစိုးရကို PCG တိုက်တွန်း

 ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကချင်လက်နက်ကိုင် အဖွဲ့(KIO) နှင့် ဆွေးနွေးပွဲများ အမြန်အကောင်အထည်ဖော်ရန် အစိုးရကို မြစ်ကြီးနားမြို့ အခြေ စိုက် ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG) မှ ဦးဆန်းအောင်က တိုက်တွန်းသည်။

ကာလအတန်ကြာ စစ်ရေးအခြေအနေ တည်ငြိမ်နေသည့် ကချင်ပြည်နယ်တွင် အောက်တိုဘာက စတင်၍ တပ်မတော်နှင့် KIO/KIA တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

‘‘အစိုးရအနေနဲ့ ပါးစပ်နဲ့ မပြောဘဲ လက်တွေ့ ဖော်ဆောင်တဲ့ဟာကို အမြန်ဆုံး ဖြစ်စေချင်ပါတယ်။ တိုင်းပြည် ကနာလှပြီ။လူထုလည်း ဒုက္ခရောက်လှပြီ။ အာဏာရှိတဲ့ လူတွေပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အခါကျတော့ လူထုက ဒုက္ခရောက်နေပြီ။ ဒါကြောင့် ဆွေးနွေးပွဲတွေ မြန်မြန်လုပ်ဖို့ တိုက်တွန်းပါတယ်’’ဟု ဦးဆန်းအောင်က ပြောသည်။

ဆွေးနွေးညှိနှိုင်းပွဲများ အခက်အခဲ ရှိနေသည့် အကြောင်းအရင်းမှာ ဆွေးနွေးပွဲ မလုပ်လိုကြသည့် သဘောထားများကြောင့် ဖြစ်၍ ဆွေးနွေးပွဲဖြစ်ပေါ်ရန် နှစ်ဖက်စလုံး၌ တာဝန်ရှိသည်ဟု ၎င်းက ဆိုသည်။

ဇူလိုင်က ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအပြီးတွင် တပ်မတော်နှင့် KIO/KIA ခေါင်း ဆောင်များ၏ ဆွေးနွေးပွဲအချို့ ဖြစ်ပေါ်ခဲ့သော်လည်း ရလဒ်ကောင်း မရရှိသေးပေ။

တပ်မတော်နှင့် KIO/KIA တို့သည် အောက်တိုဘာ ဒုတိယ ပတ်က မြစ်ကြိီးနားမြို့နယ် ဆင်ဘိုဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ  ၁၈ ရက်နှင့် ၁၉ရက်တွင် ဗန်းမော်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားသော်လည်း စစ်ဆင်ရေးအသွင် တိုက်ပွဲမျိုးမဟုတ်ဘဲ နှစ်ဖက်တွေ့ဆုံတိုက်ပွဲများသာဖြစ်သည်ဟု ဦးဆန်းအောင်က ဆို သည်။

‘‘စစ်ရေးသတင်းကတော့ ကြိုးကြား ကြိုးကြား ဖြစ်တာပေါ့။ ဆင်ဘိုနားမှာဖြစ်တယ်။ ဗန်းမော်နားမှာ ဖြစ်တယ်ဆိုပေမယ့် ကြီးကြီးမားမားဖြစ်တယ်ဆိုတာတော့ မရှိသေးပါဘူး။ အဓိကက ဆွေးနွေးပွဲတွေ နည်းနည်း တုံ့ဆိုင်းပြီး လျင်လျင်မြန်မြန် မလုပ်နိုင်တာပါပဲ’’ဟု တိုင်းရင်းသားအရေးလေ့ လာသူ ဦးမောင်မောင်စိုးက ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် ဆွေးနွေးပွဲများ ဖြစ်မြောက် ရေး အမြန်ဆုံးကြိုးစားမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် ဖြစ်ပေါ်လာခြင်း မရှိဟု ၎င်းကဆိုသည်။

KIO/KIA အပါအဝင် မြောက်ပိုင်းတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့သည်  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC) အဖြစ်စုဖွဲ့ကာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးမဟာမိတ် ဖွဲ့စည်းထားသည်။

http://www.7daydaily.com/story/140032

Credit: 7Day Daily