Mon 19 November, 2018

တရားစွဲခံရသောလူငယ်များ လွိုင်ကော်ခရိုင်တရားရုံးရှေ့ ဆန္ဒထုတ်ဖော်

ဗိုလ်ချုပ်ရုပ်တုကန့်ကွက်မှုနှင့် ပြည်နယ်သမိုင်းကြောင်း စာရွက်ဖြန့်ဝေမှုတို့ဖြင့် တရားစွဲဆိုခံရသော ကရင်နီလူငယ်များသည် ယမန်နေ့က လွိုင်ကော်ခရိုင်တရားရုံံးရှေ့၌ ‘တိုင်းရင်းသားသတင်းမှန်ဖော်ထုတ်ခြင်းသည် ရာဇဝတ်မှုမဟုတ်’ စာသားပါ စာရွက်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

အောက်တိုဘာ ၁၈ ရက်က လွိုင်ကော်ခရိုင်တရားရုံးတွင် ပြု လုပ်သည့် (၁၄) ကြိမ်မြောက်ရုံး ချိန်း၌ ပုဒ်မ ၅၀၅ (ခ)၊ (ဂ)အပါအဝင် ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ တို့ဖြင့်တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၁၄ ဦးက ‘လူငယ်ထုအား ဖိနှိပ်မှုရပ်’၊ ‘အမျိုးသားတန်းတူ ရေးဖော်ဆောင်ပေး’၊ ‘ဖက်ဒရယ် စနစ်ကိုသာအလိုရှိသည်’စာသား များပါ အနက်ရောင်တီရှပ်များဝတ်ဆင်၍ တရားရင်ဆိုင်ခဲ့သည်။

ယင်းပုဒ်မများဖြင့် တရားစွဲ ဆိုခံနေရသည့် ကရင်နီလူငယ်နှစ် ဦးသည် ကျန်းမာရေးမကောင်း သဖြင့် ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိကြောင်း တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ခွန်ဘားနပ်က ပြောသည်။

‘‘ကျွန်တော်တို့ ကရင်နီ (ကယား)ပြည် သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး စာရွက်တွေ ဖြန့်ဝေ တယ်။ အဲဒီအပေါ်မှာမှ ကျွန်တော်တို့ လူငယ်တွေကို တရားစွဲတယ် ဆိုတာ တရားမျှတမှုမရှိဘူးလို့ မြင်တယ်။ လူငယ်ထုအား ဖိနှိပ်မှုရပ် ဆိုတာနဲ့ သမိုင်းမှန်ဖြန့်ဝေခြင်းက ရာဇဝတ်မှုမဟုတ်ဘူးဆိုပြီး လှုပ် ရှားမှုပြုလုပ်ခဲ့တာပါ’’ဟု ၎င်းက ရှင်းပြသည်။

ကရင်နီလူငယ်များက ကရင်နီပြည် (ကယား)၏ နောက်ခံ သမိုင်း၊ စိုးရိမ်ချက်၊ အကြံပြုတိုက် တွန်းချက်ဟူ၍ အပိုင်းသုံးပိုင်းပါဝင်သော ကရင်နီပြည်သမိုင်း ကြောင်းစာရွက်ကို ပြီးခဲ့သည့် ဇွန် လက ပြည်နယ်ရှိ မြို့နယ်များနှင့် ကျေးရွာများရှိ ပြည်သူများထံ ဖြန့်ဝေခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်ရုပ်တုစိုက် ထူရန် စီစဉ်မှုကို ကန့်ကွက်ကြောင်း ကရင်နီလူငယ်များက ဇူလိုင်အတွင်း လွိုင်ကော်မြို့၌ စီတန်းလမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ပြီး ရဲတပ်ဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရ က ဗိုလ်ချုပ်ရုပ်တုစိုက်ထူမည့် အစီအစဉ်ရပ်ဆိုင်းပြီး ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်မှုနှင့် ကရင်နီပြည် (ကယား)သမိုင်းကြောင်းစာရွက်ဖြန့်ဝေမှုတွင် ဦးဆောင်သူ ကရင်နီ လူငယ် ၂၃ ဦးကို နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊(ဂ)နှင့် ငြိမ်းစုစီပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် လွိုင်ကော်မြို့နယ်အပါအဝင် ငါးမြို့နယ်၌ တရားစွဲဆိုခဲ့သည်။

http://www.7daydaily.com/story/139758

Credit: 7Day Daily